Monday, 13 June 2011
ဘိုးတော် ဘွားတော်
ဟေ့သူငယ် ... ဘိုးတော်ရှိလား
မျက်နှာစိမ်း ဧည့်သည်တစ်ဦးက ဆော့ကစားနေတဲ့ ကျွန်တော့်ကို မေးလိုက်တာပါ။
မရှိဘူး
ကျွန်တော် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်တဲ့အခါ အဲဒီလူ ပြည်လှည့်ထွက်သွားပါတယ်။
အမှန်တော့ ကျွန်တော့် ဖေဖေ အိမ်ခန်းထဲမှာရှိနေပါတယ်။ ဖေဖေ့ကို ဘိုးတော်လို့ သုံးနှုန်းတဲ့ အသုံးအနှုန်းကြောင့် ကျွန်တော် မကျေနပ်ဘဲ မရှိဘူးလို့ပြောလိုက်တာပါ။
ငါ့သားကလည်းကွာ ... မင်းအဖေက ဘိုးတော်အရွယ်မို့ ဘိုးတော်လို့ခေါ်တာပေါ့ကွ .. ဟားဟားဟား
လို့ ဖေဖေက ပြောပေမယ့်လည်း အဲဒီလိုခေါ်တာကို စော်ကားတယ်လို့ မြင်မိတဲ့ကျွန်တော် အခုအချိန်ထိ အဲဒီ အသုံးအနှုန်းကို လက်မခံနိုင်သေးပါဘူး ....။
သူငယ်ချင်းတချို့နဲ့တွေ့ကြတဲ့အခါ အိမ်က ဘိုးတော်ကကွာ ... ရည်လည်ကွိုင်ရှာတယ် .... ဘွားတော်ကလည်း ဒီပိုက်ဆံလေးပေးဖို့ကို ... တွန့်နေတာပဲ ... စသဖြင့် ခဏခဏ ကြားရတဲ့အခါတိုင်းလည်း စိတ်ထဲမှာ မသက်မသာဖြစ်ရပါတယ်။ တကယ်တော့ ကိုယ့်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ပြီး အခက်အခဲတွေတွေ့ရင်လည်း အားပေးနှစ်သိမ့်တတ်တဲ့ ကိုယ့်ရဲ့ မိဘနှစ်ပါးကို အဲဒီလို ခေါ်ဝေါ် သုံးနှုန်းလိုက်တာဟာ ... အင်မတန်ရိုင်းတဲ့ အပြုအမူဖြစ်ပါတယ်။ သူငယ်ချင်းတွေကြားမှာ အိမ်ကိုကြောက်နေရတဲ့သူမျိုး မပြလိုခြင်းကြောင့်သော်လည်းကောင်း၊ လူငယ်ဆန်သည့် စကားမျိုး ပြောချင်ခြင်းကြောင့်သော်လည်းကောင်း .. အဲဒီလို သုံးနှုန်းတတ်ကြပါတယ်။ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ဖြစ်တဲ့ မိဘနှစ်ပါးကို မိမိစိတ်က စော်ကားလိုခြင်း အလျဉ်းမရှိသော်လည်း ဘိုးတော် ဘွားတော်ဟု ရင့်သီးစွာ ပြောဆိုလိုက်တာဟာ နားထောင်ရတဲ့ တစ်ဖက်လူအဖို့ ကိုယ့်ကို အထင်သေးစရာဖြစ်သွားနိုင်ပါတယ်။ ကိုယ်ကလည်း တစ်ဖက်လူရဲ့ ဖခင်အကြောင်းကို မေးရင်လည်း မင်း ဘွားတော် နေကောင်းလား ... ဘိုးတော်ရော .. ပြန်ရောက်ပြီလား လို့ မေးလိုက်တာဟာ တစ်ဖက်သားရဲ့ရင်ကို အောင့်ကနဲ ဖြစ်သွားစေပါတယ်။
ဒါကြောင့် ကိုယ့်မိဘကိုရည်ညွှန်းပြီးပဲဖြစ်ဖြစ်၊ တခြားသူရဲ့ မိဘဘိုးဘွားကိုပဲဖြစ်ဖြစ် ... ဘိုးတော်၊ ဘွားတော် လို့ မခေါ်ဝေါ် မသုံးနှုန်းသင့်ပါကြောင်း ကျွန်တော့်ရဲ့ အမြင်ကို ရေးသားလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment